ပျိုမေလေးတို့ရေ…
“နှလုံးရောဂါ” ဆိုတာနဲ့ ရင်ဘတ်ကြီးကို လက်နဲ့ဖိပြီး လဲကျသွားတဲ့ ရုပ်ရှင်ထဲကလို မြင်ကွင်းမျိုးကိုပဲ ပြေးမြင်မိကြတယ်ဟုတ်?
ဒါပေမယ့် အမျိုးသမီးတွေမှာ ဖြစ်တဲ့ နှလုံးရောဂါလက္ခဏာက အမျိုးသားတွေနဲ့ မတူဘဲ အရမ်းကို “လျှို့ဝှက်” တတ်တယ်ဆိုတာ သိပါသလား? …
ဒီနေ့တော့ အမျိုးသမီးတွေမှာပဲ တွေ့ရတတ်တဲ့ ထူးဆန်းတဲ့ နှလုံးရောဂါလက္ခဏာရပ်များအကြောင်းကို ပြောပြပေးချင်ပါတယ် ….
ရင်ဘတ်မအောင့်ဘဲ ပြတတ်တဲ့ လက္ခဏာ (၅) မျိုး
အမျိုးသမီးတွေရဲ့ နှလုံးသွေးကြောပိတ်တဲ့အခါ ဒါမှမဟုတ် နှလုံးဖောက်တဲ့အခါ (Heart Attack) အောက်ပါအတိုင်း ခံစားရတတ်ပါတယ် …..
မေးရိုး၊ လည်ပင်း ဒါမှမဟုတ် ပခုံးနောက်ကျော အောင့်ခြင်း
ရင်ဘတ်ကနေ မအောင့်ဘဲ မေးရိုးတွေ နာလာတာ၊ ပခုံးနှစ်ဖက်ကြားက အရမ်းကို ကိုက်ခဲလာတာမျိုး ဖြစ်တတ်ပါတယ်။
အသက်ရှူမဝခြင်း (သို့) မောပန်းခြင်း
ဘာမှပင်ပင်ပန်းပန်း မလုပ်ဘဲနဲ့ အသက်ရှူရတာ ခက်ခဲလာတာ၊ ရင်ကျပ်လာတာမျိုးပါ။
အစာမကြေသလို ခံစားရခြင်း
ဒါကတော့ အဖြစ်အများဆုံးပါ။ ရင်ညွန့်နားက ပူစပ်ပူလောင်ဖြစ်တာ၊ အစာမကြေသလို ဗိုက်အောင့်တာမျိုးကို “လေနာတာပဲ” ဆိုပြီး ဆေးပူလူးပြီး အချိန်ဆွဲတတ်ကြလို့ အရမ်းအန္တရာယ်များပါတယ်။
အလွန်အမင်း နုံးချိနေခြင်း
အိပ်ရေးဝဝအိပ်ထားပေမယ့်လည်း ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိအောင် တစ်ကိုယ်လုံး ပျော့ခွေပြီး နုံးနေတာမျိုးပါ။
ချွေးစေးများထွက်ပြီး ခေါင်းမူးခြင်း
ရာသီဥတုက မပူဘဲနဲ့ တစ်ကိုယ်လုံး ချွေးစေးတွေပြန်လာတာ၊ မျက်စိထဲ ပြာဝေသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဘာကြောင့် အမျိုးသမီးတွေမှာ ပိုပြီး သတိထားရတာလဲ?
အမျိုးသားတွေမှာက နှလုံးသွေးကြောမကြီးတွေ ပိတ်တာများပေမယ့်၊ အမျိုးသမီးတွေမှာတော့ သွေးကြောငယ်လေးတွေ (Small blood vessels) မှာ ပြဿနာဖြစ်တာ များတာကြောင့် လက္ခဏာက သိသာထင်ရှားခြင်းမရှိဘဲ ဝေဝေဝါးဝါး ဖြစ်နေတတ်တာပါ။
ဒါကြောင့် “လေဖြန်းတာလား၊ လေနာတာလား” ဆိုပြီး ကိုယ့်ဘာသာ ဆေးသောက်နေရင်းနဲ့ ရွှေရောင်ချိန် (Golden Hour) လို့ခေါ်တဲ့ ကုသမှုအမြန်ဆုံး ခံယူရမယ့်အချိန်တွေကို ကျော်လွန်သွားတတ်ကြပါတယ် …
ဒါကြောင့် အမျိုးသမီးတွေမှာ အသက် ၄၀ ကျော်လာပြီဆိုရင် မိမိခန္ဓာကိုယ်ရဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတွေကို အမြဲသတိထားပါ။
အပေါ်က လက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုရင် “အစာမကြေတာပါ” လို့ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်မချဘဲ နီးစပ်ရာ ဆေးခန်း၊ ဆေးရုံကို အမြန်ဆုံးသွားပြီး ပြသသင့်ပါတယ် …
နှလုံးရောဂါဟာ အမျိုးသားတွေရဲ့ ရောဂါတင်မဟုတ်ပါဘူး။ ကျွန်မတို့ အမျိုးသမီးတွေမှာလည်း အသံတိတ်ရောဂါတစ်ခုပါ ….
#PyoMay
#PyoMayCare
#Sanitarynapkin
#WomenHeartHealth #HeartAttackSymptoms
#SilentKiller
#HealthEducation
#WellnessForWomen
#နှလုံးရောဂါ
#လေနာမဟုတ်တဲ့နှလုံးရောဂါ
#ပျိုမေ #အမျိုးသမီးလစဉ်သုံး #လုံခြုံစိတ်ချပျိုမေနဲ့မှ
လျှို့ဝှက်တတ်တဲ့ နှလုံးရောဂါ
06
Mar