“ဆီးသွားရင် အောင့်တာ၊ တစ်စက်စက်နဲ့ ကျန်နေသလို ဖြစ်တာ၊ ခဏခဏ သွားချင်တာ…”
ဒီလိုဝေဒနာမျိုးက အမျိုးသမီးတွေမှာ အဖြစ်များလွန်းလို့ တချို့ဆို “ဒါက ဖြစ်နေကျပဲ” ဆိုပြီး လျစ်လျူရှုတတ်ကြပါတယ် …
ဒါပေမယ့် ဒါဟာ တကယ်တော့ သတိထားရမယ့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေပါ ….
ဘာလို့ အမျိုးသမီးတွေမှာ ပိုဖြစ်ရတာလဲ? ဘယ်လိုကာကွယ်မလဲ? 🤔
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဆီးအိမ်ဆီကို သွားတဲ့ ပြွန်က အမျိုးသားတွေထက် ပိုတိုပါတယ်။ ဒါကြောင့် အပြင်က ပိုးမွှားတွေက ဆီးအိမ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်တာပါ။
ဒီလိုလက္ခဏာတွေ ရှိနေပြီလား? 🚩
✅ ဆီးသွားရင် ပူမယ်၊ အောင့်မယ်၊ ကျဉ်မယ်။
✅ ဆီးသွားချင်စိတ် ခဏခဏဖြစ်နေပေမယ့် သွားတဲ့အခါ အနည်းငယ်ပဲ ထွက်မယ်။
✅ ဆီးအရောင် နောက်နေမယ် (သို့) သွေးစလေးတွေ ပါမယ်။
✅ ဆီးနံ့ ပြင်းပြင်းထွက်မယ်။
✅ ဆီးခုံတစ်ဝိုက် နာကျင်ကိုက်ခဲမယ်။
ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆီးလမ်းကြောင်း ပိုးဝင်တာပါ ….
ဒီလိုမဖြစ်အောင် ဘယ်လိုနေထိုင်မလဲ? ✨
📌 ရေများများသောက်ပါ။ တစ်နေ့ကို အနည်းဆုံး ရေ (၂) လီတာ သောက်ပေးတာက ဆီးလမ်းကြောင်းထဲက ပိုးမွှားတွေကို ဆေးချပေးရာ ရောက်ပါတယ်။
📌 ဆီးမအောင့်ပါနဲ့။ ဆီးသွားချင်ရင် မအောင့်ထားပါနဲ့။ အောင့်ထားခြင်းက ဗက်တီးရီးယားတွေ ပွားများဖို့ အခွင့်အရေး ပေးလိုက်တာပါ။
📌 သန့်ရှင်းရေးလုပ်ပုံ မှန်ရပါမယ်။ အိမ်သာတက်ပြီးတိုင်း အရှေ့ကနေ အနောက်ကိုပဲ သန့်ရှင်းရေးလုပ်ပါ။ အနောက်ကပိုးတွေ ရှေ့ကိုမလာအောင်လို့ပါ။
📌 ချည်သားအတွင်းခံ ဝတ်ပါ။ လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့နေဖို့ အရေးကြီးပါတယ်။
📌 အမျိုးသားနဲ့ ဆက်ဆံပြီးတိုင်း ဆီးသွားပါ။ ဒါက ဆီးလမ်းကြောင်းထဲ ရောက်သွားနိုင်တဲ့ ပိုးမွှားတွေကို ချက်ချင်း ဖယ်ရှားပေးနိုင်ပါတယ်။
👩⚕️ ဆီးလမ်းကြောင်းပိုးဝင်တာကို ပေါ့ဆရင် ကျောက်ကပ်ထိ ပိုးပျံ့သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ဆေးမြီးတိုနဲ့ မကုဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ပိုးသတ်ဆေးကို စနစ်တကျ သောက်ဖို့ တိုက်တွန်းလိုက်ပါရစေ 🤗❤️
ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ …..